၃၀.၄.၂၀၂၆ ။ရန်ကုန် ။
မြန်မာ့ရိုးရာ ၁၂ လရာသီမှာ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လရဲ့ လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရာ “ဗုဒ္ဓနေ့” (Buddha Day) ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ရဲ့ ဖြစ်တော်စဉ်တွေကို အောက်မေ့သတိရကာ မေတ္တာပွားရုံသာမက၊ သဘာဝပတ်ဝန်းကျင်ရှိ အပင်များကို ပြုစုစောင့်ရှောက်တဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ မြန်မာ့ဓလေ့ကို ဖော်ဆောင်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
ကဆုန်လဟာ မြန်မာနိုင်ငံတွင် အပူဆုံးလဖြစ်သလို အပူရှိန်ကြောင့် အပင်များ မခြောက်သွေ့စေဖိုနဲ့ လန်းဆန်းစေဖိုရည်ရွယ်ကာ ရေသွန်းလောင်းကြတာလည်း ဖြစ်ပါတယ်။
ကုသိုလ်ရှင်တွေက အမွှေးနံ့သာရည်များ၊ ရေသန့်များကို ဖလား ၊ မြေအိုး စတာတွေနဲ့ ကိုင်ဆောင်ကာ စေတီပုထိုးများရှိ ဗောဓိညောင်ပင်များကို စုပေါင်းရေသွန်းလောင်း ပူဇော်ကြပါတယ်။
ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်တွေက
ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် တရားဘာဝနာ ပွားများခြင်း ၊ စေတီပုထိုးတွေမှာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း ၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်း စတဲ့ ဇီဝိတဒါန ကုသိုလ် တွေကိုပြုလုပ်ပြီးစတုဒိသာ ကျွေးမွေးလှူ တန်းတာတွေကိုလည်း ပြုလုပ်ကြလေ့ရှိပါတယ် ။