ပြောင်းဆံအတက်ဈေးနှင့် ငြိမ်နေပြီး တောင်သူများ အကျိုးအမြတ်ရရှိနေ‎

ပြည်တွင်း ပြောင်းဈေးကွက်အတွင်း ပြောင်းဆံဈေးနှုန်းများ အတက်ဈေးနဲ့ ငြိမ်နေတာကြောင့် ပြောင်းစိုက်တောင်သူတွေ အကျိုးအမြတ်ရရှိနေတယ်လို ပြောင်းလုပ်ငန်းအသိုင်းအဝိုင်းဆီမှ သိရပါတယ်။

‎အခုနှစ် ဆောင်းပြောင်းရာသီချိန်က ပြောင်းစိုက်ဧက လျော့ကျကာ အထွက်နည်းနေသလို ရန်ကုန်ပြောင်းဆံဈေးကွက်အတွင်း တောင်ပေါ်ဒေသပြောင်း အဝင်မရှိတာကြောင့် ဈေးတက်လာတာဖြစ်တယ်လို မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုဉက္ကဌ ဉီးသန့်ဇင်ထွန်းက ပြောပါတယ်။

‎‘’ အခုလ လဆန်းပိုင်းကတည်းက ပြောင်းဈေးက တောက်လျှောက်တက်လာတာ။ လတ်တလောမှာ အတက်ရပ်သွားတဲ့ သဘောတော့ရှိပါတယ်။ မနှစ်က ပြောင်းဈေးမကောင်းတော့ စိုက်ဧက ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်။ တောင်ပေါ်က ပြောင်းတွေကလည်း တန်ဆာခ ဈေးကြီးတဲ့ အခါကျတော့ မဆင်းလာနိုင်ဘူး။ အထွက်နည်းတော့ နည်းနည်းရှားပြီး ပြောင်းလိုအပ်ချက်ရှိတဲ့ အခါ ဈေးနည်းနည်း ပိုပေးရတာပေါ့နော်။ ပြည်ပတင်ပိုမှုကလည်း ထိုင်းနဲ့ ဖိလစ်ပိုင်ကို ပုံမှန်တင်ပိုနေရတယ်။ ပြည်တွင်း အစာစက်ရုံတွေကလည်း ပုံမှန်ဝယ်နေကြပါတယ်။ ပြောင်းစိုက်တောင်သူတွေအတွက် မနှစ်ကနဲ့ ယှဉ်ရင် ပိုပြီး အကျိုးအမြတ် ရှိလာပါတယ် ” လို ဉီးသန့်ဇင်ထွန်းက ဆိုပါတယ်။

‎၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပြောင်းဆံတစ်ပိဿာ ကျပ် ၁၆၀၀ မှ ၁၆၂၀ အထိရှိပြီး၊ မေလ ဒုတိယပတ်တည်းက ပြောင်းဆံတစ်ပိဿာ ကျပ် ၁၈၃၀ မှ ၁၈၅၀ အထိ ပေါက်ဈေးရှိနေတယ်လို ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးကွက်ဖော်ပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဆောင်းပြောင်းရာသီချိန်က ပြောင်းစိုက်တောင်သူ တချိုဟာ ပြောင်းနေရာမှာ ပဲ၊ ငရုပ်စတဲ့ သီးနှံတွေကို အစားပျိုး စိုက်ပျိုးခဲ့တာ ဖြစ်ပြီး၊ ပြောင်းစိုက်ပျိုးကုန်ကျစရိတ်အနေနဲ့ တောင်ပေါ်ဒေသဆိုပါက တစ်ဧကကျပ် ၁၀ သိန်းမှ ၁၂ သိန်းကြားနှင့် မြေပြန့်ဒေသမှာဆိုရင် တစ်ဧက ကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိ ကုန်ကျစရိတ်ရှိကြောင်း သိရပါတယ်။

‎ပြည်ပတင်ပိုမှုအနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ ပြန်လည် တင်ပိုလျက်ရှိပြီး၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတိုကိုလည်း အနည်းငယ် တင်ပိုနေရကြောင်း၊ ပြည်တွင်း အစာစက်ရုံများမှလည်း အရင်နှစ်ထက် ဝယ်လိုအား နှစ်ဆတက်လာတာကြောင့် ပြောင်းဧက တိုးချဲ့ စိုက်ပျိုးဖို လိုအပ်ကြောင်းနဲ့ တိုးချဲ့စိုက်ပျိုးနိုင်ဖိုအတွက် မျိုးစေ့အပါအဝင် သွင်းအားစုများ အဆင်ပြေစွာ ဝယ်ယူရရှိနိုင်ဖို လိုအပ်တယ်လို  ပြောင်းကုန်သည်တွေက ဆိုပါတယ်။

‎မြန်မာနိုင်ငံမှာ ပြောင်းကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနဲ့  ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတိုမှာ စိုက်ပျိုးကာ ပြောင်းထွက်ရှိမှုနှုန်းအနေနဲ့ ပျှမ်းမှ တစ်နှစ်ကို တန်ချိန် ၂၁ သန်းခန့် ရှိနေပါတယ်။ ပြောင်းထွက်ရှိမှုနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာ သုံးစွဲပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံတွေကို တင်ပိုနေရတယ်လို ပြောင်းလုပ်ငန်းရှင်တွေဆီမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *