ဇူလိုင် ၁၂၊ ၂၀၂၆
ယနေ့ ကမ္ဘာ့မျက်နှာစာတွင် ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းဒေသမှ စစ်ရေးပဋိပက္ခများနှင့် အင်အားကြီးနိုင်ငံများ၏ အပြန်အလှန်တုံ့ပြန်မှုများသည် ကျွန်ုပ်တို့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအတွက် အလွန်ကြီးမားသော သင်ခန်းစာနှင့် သတိပေးခေါင်းလောင်းသံများ ဖြစ်သည်။ ကမ္ဘာ့ရေနံလမ်းကြောင်း၏ အချက်အချာကျသော ဟော်မုဇ်ရေလက်ကြား ပိတ်သိမ်းမှု၊ ဒေသတွင်းနိုင်ငံများအပေါ် ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများနှင့် အမေရိကန်အပါအဝင် နိုင်ငံတကာစစ်ရေးတုံ့ပြန်မှုများသည် ကမ္ဘာ့စီးပွားရေးနှင့် ပထဝီနိုင်ငံရေးကို ရိုက်ခတ်ရုံသာမက၊ မြန်မာ့အရေးအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုကိုပါ ပြောင်းလဲသွားစေနိုင်သည့် အရှိန်အဟုန်များ ဖြစ်သည်။
မိမိတို့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ ပြည်တွင်းအင်အားစုများအကြား ညီညွတ်မှုထက် အကွဲအပြဲနှင့် အားပြိုင်မှုများကသာ ရှေ့တန်းရောက်နေသည်ကို စိတ်မရှိသော်လည်း ပွင့်လင်းစွာ ဝန်ခံကြရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် မြန်မာ့အရေးတစ်ခုတည်းကိုသာ ထိုင်ကြည့်နေမည်မဟုတ်ဆိုသောအချက်ကို ယခု ရုတ်ချည်းဖြစ်ပွားလာသည့် အရှေ့အလယ်ပိုင်းစစ်ရိပ်စစ်ငွေ့များက သက်သေပြနေသည်။ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် စာနာမှုကိုသာ တမျှော်မျှော်စောင့်စားရင်း ပြည်တွင်းအင်အားစုများအကြား အားပြိုင်ဖယ်ကြဉ်နေကြဦးမည်ဆိုပါက ကမ္ဘာ့အာရုံစိုက်မှု လမ်းကြောင်းလွှဲသွားချိန်တွင် မိမိတို့ခြေထောက်ပေါ်မိမိတို့ ရပ်တည်နိုင်စွမ်းမရှိဘဲ သမိုင်းလှိုင်းလုံးကြား မျောပါသွားရုံသာရှိသည်။
စစ်ပွဲနှင့် ပဋိပက္ခ၏ သဘောသဘာဝသည် စတင်ရန် လွယ်ကူသော်လည်း အဆုံးသတ်ရန် ခက်ခဲလှသည်။ အရှေ့အလယ်ပိုင်းတွင် အကြီးစားစစ်ပွဲကြီးတစ်ခုဆီသို့ ဦးတည်နေခြင်းက ပြည်တွင်းစစ်ဒဏ်ကို ဆယ်စုနှစ်ချီ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ပို၍ပင် ရင်လေးစရာကောင်းလှသည်။ ပထဝီနိုင်ငံရေး ကစားကွက်များအကြား နိုင်ငံငယ်တစ်ခု၏ ရုန်းကန်ရမှုသည် ပြည်တွင်းညီညွတ်မှု မရှိပါက ပို၍ အားနည်းတတ်သည်။ မိမိတို့အချင်းချင်း အမြင်ကျဉ်းမြောင်းစွာဖြင့် အနိုင်မခံအရှုံးမပေးဘဲ တွန်းတိုက်နေကြခြင်းသည် ရေရှည်တွင် တိုင်းပြည်ကို အဖတ်ဆယ်မရသည့် ချောက်ကမ်းပါးထဲသို့သာ တွန်းပို့နေခြင်း ဖြစ်သည်။
ထို့ကြောင့် နှောင်းမှ နောင်တမရစေချင်ပါ။ ကမ္ဘာ့အခြေအနေများ မည်မျှပင် ပြောင်းလဲပြောင်းလဲ၊ မိမိတို့နိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်မည့် အဓိကသော့ချက်သည် ပြည်တွင်းအင်အားစုများ၏ အမြော်အမြင်ရှိမှုနှင့် နိုင်ငံရေးအရ အပေးအယူ အလျှော့အတင်းလုပ်နိုင်စွမ်းပေါ်တွင်သာ မူတည်သည်။ နိုင်ငံတကာမျက်နှာစာတွင် အာရုံစိုက်မှုများ ကွဲပြားမသွားခင်နှင့် မိမိတို့တိုင်းပြည် ဥဒဟို ပျက်စီးခြင်းသို့ မရောက်ခင် အချိန်မီ သတိသံဝေဂရကြရန် လိုအပ်သည်။ ခေါင်းဆောင်အသီးသီးနှင့် အင်အားစုအားလုံးအနေဖြင့် အတ္တနှင့် အစွန်းတရားများကို ဘေးဖယ်ထားပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်တည်ငြိမ်ရေးအတွက် လက်တွေ့ကျကျ မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာကြရန် အယ်ဒီတာအာဘော်အနေဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။