ဇူလိုင် ၁၄၊ ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးတင်းမာမှုများ စိုးရိမ်ဖွယ်ရာ မြင့်တက်နေစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဟု ထပ်လောင်းအတည်ပြုလိုက်ပြီး၊ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခအပေါ် ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည့် ကနဦးအစီအစဉ်ကိုမူ ပြန်လည်ရုပ်သိမ်းကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ကြေညာလိုက်သည်။
အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ထပ်မံ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီရန်နိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရ အဓိကဆိပ်ကမ်းမြို့များနှင့် စက်မှုမြို့များဖြစ်ကြသော ဘူရှာ (Bushehr)၊ ဘန်ဒါအာဘတ်စ် (Bandar Abbas)၊ မာရှာ (Mahshahr) နှင့် အာဘာဒန် (Abadan) မြို့များတွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမေရိကန်၏ တိုက်ခိုက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံတို့တွင် အခြေစိုက်ထားသည့် အမေရိကန်စစ်ဘက်ဆိုင်ရာ နေရာများကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့ရေနံတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်နေသော ရေနံတင်သင်္ဘောကြီး (Supertankers) နှစ်စင်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အီရန်ဘက်က ဆိုသည်။အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်လျက်ရှိရာ ယူအေအီးနိုင်ငံ က ၎င်းတို့၏ အမျိုးသားပိုင် ကုန်တင်သင်္ဘောနှစ်စင်းသည် အီရန်၏ ခရုစ်ဒုံးကျည်များဖြင့် ထိမှန်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း အတည်ပြုပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ သည်လည်း ယင်းတိုက်ခိုက်မှုအတွင်း ၎င်းတို့၏ သင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့သည့်အတွက် အိန္ဒိယနိုင်ငံဆိုင်ရာ အီရန်သံတမန်ကို ဆင့်ခေါ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့၏ အပြန်အလှန် စစ်ရေးအရှိန်မြှင့်တင်မှုများကြောင့် ဟော်မုဇ်ရေလက်ကြားအတွင်း နိုင်ငံတကာရေကြောင်း သွားလာရေးနှင့် ကမ္ဘာ့ရေနံတင်ပို့မှု ကွင်းဆက်အပေါ် စိုးရိမ်မှုများ အထူးမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
Crd: internet
