ငွေကျပ် ၃ ဒသမ ၇၁၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၃ ဒသမ ၄ သိန်းကျော်နှင့် ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလိုဖမ်းဆီးရမိ

ဇူလိုင် ၁၅၊ ၂၀၂၆

ရမည်းသင်းမြို့ သီလဝ (၃) ရပ်ကွက်ရှိ ချစ်မိုးဆန်း (၃၆) နှစ်၏ နေအိမ်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် ည ၉ နာရီတွင် သတင်းအရဝင်ရောက်ရှာဖွေရာ ချစ်မိုးဆန်း (၃၆) နှစ်၏ နေအိမ်မှ စိတ်ကြွဆေးပြား ၂၃ ဒသမ ၄ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၅၁ ဘီလီယံ) နှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုသည့် SHAYAN အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ဖော်ထုတ်ချက်အရ ဇူလိုင် ၇ ရက်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ရမည်းသင်းမြို့ သီလဝ (၃) ရပ်ကွက်နေ မောင်သိန်း (ခ) ချစ်တီး (၄၅) နှစ်အား ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင်လည်းကောင်း၊ ဇင်မျိုးအောင် (ခ) ဖိုးလ (၂၇) နှစ်အား ရမည်းသင်းမြို့နယ်၊ သဲချောင်း ကျေးရွာရှိနေအိမ်၌ စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် NISSAN TERRANO အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ဖော်ထုတ်ချက်အရ ဇူလိုင် ၇ ရက် ည ၇ နာရီခွဲတွင် ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်ရှိ ဟိုတယ်အနီးတွင် ရမည်းသင်းမြို့နယ်၊ သဲချောင်းရွာနေ ဇင်ထက်အောင်(၃၅)နှစ်နှင့် စိုင်းထက်သွေး(၂၁)နှစ်တို့ နှစ်ဦးကို ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၂၀၃၅ သိန်း) နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ချစ်မိုးဆန်း၊ မောင်သိန်း (ခ) ချစ်တီးနှင့် ဇင်မျိုး အောင်(ခ)ဖိုးလ တို့ကိုလည်းကောင်း၊ ဇင်ထက်အောင်နှင့် စိုင်းထက်သွေးတို့ကိုလည်းကောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

Source: မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ www.moi.gov.mm

Leave a Reply

Your email address will not be published. Required fields are marked *